မမ စတိုး

Site ကို ဆိုင်ကြော်ငြာအဖြစ်လည်းကောင်းSupplier များဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း ၊ ၀ယ်ယူရောင်းချသူနှင့်ဝယ်ယူသုံးစွဲသူများထံ သတင်းအချက်အလက်များပေးပို့ရန်အတွက်လည်းကောင်း တင်ဆက်ပါသည်။

Sunday, June 2, 2013

ခေတ်စားလာသော မျက်နှာအလှပြုပြင်ခြင်း တစ်ခု (သို့) Facial Peeling


ပြည်ပမှာသာမက ပြည်တွင်း၌ပါ ခေတ်စားလာနေသောFacial Peeling လုပ်ခြင်းအကြောင်းကို ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားတင်ဆက်လိုက်ရပါသည်။ Facial Peel ဆိုသည်မှာ လူသားမျက်နှာအရေပြား၏ ဆဲလ်အသေများကို ဖယ်ရှားပေးမည့်ပစ္စည်းများ၊ ဆဲလ်အနုအသစ်ထွက်ခြင်းကို အထူးအားပေးသည့် ပစ္စည်းများပါဝင်သည့် ဆေးရည်ဖြင့် မျက်နှာကို ကုသမှုပေးခြင်းဖြစ်သည်။ ကုသမှုမှာ မိနစ်ပိုင်းသာကြာမြင့်ပြီး သုံးရက်မှငါးရက်အကြာ၌ ဆဲလ်အသေများ မျက်နှာအပေါ်ယံအလွှာမှ သူ့အလိုလိုကွာကျသွားပြီး တစ်ပတ်ကျော်တွင် ဆဲလ်အသစ်များ အားလုံးနီးပါး အစားထိုးနေရာယူပြီးသား နုနယ်ပျိုမျစ်ဝင်းပသော မျက်နှာဖြစ်လာစေမည့် ကုသမှုဖြစ် သည်။

(၁)တင်းတိပ်၊ အမည်းစက်၊ နေလောင်ကွက်၊ အမာရွတ်၊ ပါးရေတွန့်ခြင်း၊ ၀က်ခြံစသည့် ချို့ယွင်းချက်တစ်စုံတစ်ရာ မျက်နှာမှာရှိနေလျှင် မှန်မှာ မြင်ရတိုင်း၊ လူအများနှင့် ဆုံရတိုင်း စိတ်ဒုက္ခ အနည်းနှင့်အများ ခံစားရတတ်သည်။ ချို့ယွင်းချက်မကင်းခြင်းသည် လူ့သဘာဝတစ်ခုဟုဆိုပါလျှင် ချို့ယွင်းချက်ကင်းလိုခြင်းသည်လည်း လူ့သဘာဝများထဲက တစ်ခုသာ ဖြစ်ပါသည်။မျက်နှာသည် လူတစ်ဦးချင်းစီအတွက် အထင်ရှားဆုံး ၀ိသေသအမှတ်အသား (Identity)ဖြစ်ပါသည်။ လူတစ်ယောက်ကို သင်အမှတ်ရလျှင် မျက်နှာကိုသာ ၉၁% ခန့် အမှတ်ရတတ်သည်ဟု စိတ်ပညာရှင်များကဆိုသည်။ အခြားသူများက သင့်ကိုအာရုံမှာ အမှတ်ရလျှင်လည်း ထိုနည်းနှင့်ပင်။ ထို့ကြောင့် မျက်နှာပေါ်က ချို့ ယွင်းချက်တစ်ခုသည် နှလုံးအိမ်ထဲမှာ စိုက်ဝင် နေသော ဆူးတစ်ချောင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ (ဘယ်လောက်အနက်အထိ စိုက်ဝင်နေသလဲဆိုတာကတော့ တစ်ဦးချင်းစီ၏ ခံယူနှလုံးသွင်းမှုကိုလိုက်၍ ကွာခြားမည်ဖြစ်သော်လည်း ဆူးကတော့ ဆူးသာဖြစ်ပါသည်)နေရောင်ခြည်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ နေ့စဉ်စိတ်ဖိစီးမှုများ၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်အရွယ်ရလာခြင်းစသော အကြောင်းတရားမျိုးစုံတို့ကြောင့် မျက်နှာအသားအရေသည် အပြစ်အနာအဆာများ ရှိလာသည်။ ထိုချို့ယွင်း ချက်တို့ကို ပြုပြင်ရန်၊ ထိန်းသိမ်းရန် လူတိုင်း ကိုယ်သိမှတ်ရာ၊ လက်လှမ်းမီရာ နည်းလမ်းမျိုးစုံတို့ဖြင့် ကြိုးစားကြသည်။ သို့ရာတွင် ၀က်ခြံတွေ ပျောက်အောင် ကုနေဆဲမှာပင် အမည်းစက်တွေ များလာသည်။ တွန့်လာသော အရေပြားကို တင်းရင်းလှပစေဖို့ ပြုလုပ်ဆဲမှာပင် တင်းတိပ်တွေ ပိုကြီးလာ၏။ တစ်ခုကို ဖျောက်ဖျက်ကုစားဖို့ ကြိုးစားဆဲမှာပင် နောက်တစ်ခုက ပြဿနာ ပေးလာသလို ၎င်းကို ဆက်ကု၍သက်သာသလို ရှိချိန်မှာ သံသရာက အစကပြန်လည်တတ်သည်ကို အသားအရေ ဂရုစိုက်ကြသူတိုင်း ကြုံဖူးကြမည်။ ကြာလာတော့ ငွေကုန်၊ အားကုန်နှင့် စိတ်ပါကုန်လာတတ်သည်။ ချို့ယွင်းချက်မကင်းခြင်းသည် လူ့သဘာဝတစ်ခုဟု ဆိုပါလျှင် ချို့ယွင်းချက်ကင်းလိုခြင်း သည်လည်း လူ့သဘာဝများထဲက တစ်ခုသာ ဖြစ်ပါသည်။

(၂)ငယ်နုစဉ် ကလေးဘ၀က အသားအရေလို တင်းရင်းမှု၊ ၀င်းပတောက်ပြောင်မှု၊ အစွန်းအ ထင်းကင်းမှုတို့၌ ချို့ယွင်းချက်ကင်းသော အသားအရေမျိုး ပြန်ရချင်ပါသည်။ လူတို့သည် အရှက်တကွဲအချိန်မှာ မျက်နှာကို ဓားနှင့်လှီးပစ်ချင် သည်ဟု ပြောဆိုတတ်ကြပါသည်။ ကလေးဘ၀ကအသားအရေလို ချို့ယွင်းချက်တွေမကင်းတော့သော အချိန်မှာ (အကယ်၍သာ မနာမကျင်ဘူး ဆိုပါလျှင်) မျက်နှာကို အချပ်လိုက်လွှာ၍ အသစ်လဲပစ်ချင်သည်မှာ လူတိုင်းဖြစ်ပါမည်။စာရှုသူ သင်ရော.....။ချို့ယွင်းချက်တွေ ရှိနေသောမျက်နှာကို ငယ်နုစဉ်က ပကတိအသစ်အတိုင်း တစ်ဖန်ပြန် လည်မွေးဖွားနိုင်သော နည်းလမ်းရှိလျှင် ခံယူလို ပါသလား...၊၊၊

(၃) ကျွန်တော်တို့ နှလုံးသားထဲ စိုက်ဝင်နေ သည့်ဆူးများကို ဆွဲနှုတ်ပေးမည့်သူမှာ တခြားသူမဟုတ်ပါ။ လူ့သမိုင်းအစကတည်းက သာလွန် ကောင်းမွန်တိုးတက်မှု (Betterment) ဆီသို့ စဉ်ဆက်မပြတ် ခရီးနှင်နေခဲ့သော ဆေးပညာပင် ဖြစ်ပါသည်။ လူ့သက်တမ်းတွေ တိုးလာသောအခါ၊ လူနေမှုအဆင့်တွေ မြင့်မားပြောင်းလဲလာ သောအခါ အနာရောဂါကင်းရှင်းရေး၊ ကျန်းမာ ကြံ့ခိုင်ရေးမှာတင် ဆေးပညာကနားခိုနေ၍ မဖြစ်တော့။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ အားလုံးကို တတ်နိုင်သမျှပြင်ဆင်၍ လှပနှစ်လို ဖွယ်ကောင်းအောင် ပြုပြင်ကုသပေးနိုင်သော သုခုမဆေးပညာ (Aesthetic Medicine) ဟူ၍ ပေါ်ထွန်းလာရလေသည်။ချို့ယွင်းချက်တွေရှိနေသောမျက်နှာအရေပြားဟောင်းကို တဖြည်းဖြည်းဖယ်ရှား၍ ဆဲလ်အသစ်များဖြင့် တည်ဆောက်ထားသော နုနယ်ပြစ်ကင်းသည့် မျက်နှာဖြစ်အောင် မွေးဖွားသန့်စင် ပေးသော Facial Peeling ကုသမှုသည် သုခုမ ဆေးပညာ၏ အရေးပါသောကုထုံးများထဲက တစ်ခုဖြစ်ပါသည်။

(၄)Facial Peeling ခေါ် မျက်နှာအသစ်မွေးဖွားခြင်းကုထုံးကို ကမ္ဘာ့ပထမဆုံးအဖြစ် လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းက အီဂျစ်၊ ဂရိ၊ အီတလီ စသည့်လူမျိုးများက စတင်အသုံးပြု ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ရှေးရှေးဆေးကျမ်းထဲက အမှန်းအဆနှင့် လုပ်ကြခြင်းဖြစ်ပြီး ယခုလို ခေတ်မီတိကျသော တိုင်းတာတွက်ချက် စမ်းသပ်မှုများစွာကို အခြေမခံသဖြင့် ယနေ့ခေတ်နှင့် ယှဉ်လျှင်တော့ စိတ်ကျေနပ်စရာ ရလဒ်အပိုင်း၊ ဘေးကင်းမှုအပိုင်းမှာ မယှဉ်သာသော်လည်း တစ်ခေတ်တစ်ခါက အထက်ဆုံးအလွှာက လူတန်းစား (Elite)တွေသာ လုပ်နိုင်ခဲ့သည့် လှပမှု အသရေတစ်ပါး ဖြစ်ခဲ့ပါသည်။

(၅) အမေရိကန်အရေပြားရောဂါဗေဒတက္ကသိုလ် (American Academy of Dermatology) က Peels များကို သုံးမျိုးခွဲခြားဖွင့်ဆိုပါသည်။ (၁)အပေါ်ယံလွှာခြင်း (Superficial Peel)(၂)အပေါ်ယံအလွှာအောက်လွှာခြင်း (Medium Peel) နှင့်(၃)အရေပြားအလယ်လွှာအထိ လွှာခြင်း (Deep Peel) ဟူ၍ ဖြစ်ပါသည်။ တော်ရုံ အစက်အပြောက်၊ ကြမ်းတမ်းမှုမျိုး ဆိုလျှင် Superficial Peel လောက်နှင့်ပြီး၏။ အသက်အရွယ်ကြောင့် ပေါ်လာသော အမည်းစက်များ၊ အရေးကြောင်းများ၊ ပါးရေတွန့်ခြင်းများ၊ တင်းတိပ်၊ နေလောင်ကွက်၊ အမာရွတ် စသည်တို့ ပျောက်ချင်လျှင်တော့ အနည်းဆုံး Medium Peel လောက်လုပ်ရသည်။ အဆိုပါ ချို့ယွင်းချက်များ ကများလျှင်တော့ ဆရာဝန်ညွှန်ကြားချက်အရ Deep Peel လုပ်သင့်လျှင် လုပ်ရသည်။ ချောမွေ့ တောက်ပြောင်တင်းရင်းစေသောအာနိသင်ကို အကောင်းဆုံးပေးစွမ်း၏။ ဤနေရာတွင် ပထမဆုံး စဉ်းစားရမည်မှာ ဘေးကင်းမှုဖြစ်သည်။ ဘေးကင်းမှုကို မည်သည့် ရလဒ်နှင့်မျှလဲမယူနိုင်ပါ။ သုံးမည့်ထုတ်ကုန်များ၏ ဘေးကင်းမှုကို အဓိကထား ဆန်းစစ်ရ မည်ဖြစ်သည်။ Facial Peeling လုပ်သော ထုတ်ကုန်များတွင်တော့ Texas Institute of Functional Medicine နှင့် American Academy of Cosmetic Surgery တို့မှ ဆေးပညာရှင်များ ဖန်တီးထုတ်လုပ်လိုက်သော Apothe’Peel မှာ ကမ္ဘာတလွှား ရလဒ်အကောင်းဆုံးနှင့် ဘေးအကင်းဆုံးဟု ဆိုနိုင်သည်။ မျက်နှာသာမက လည်ပင်း၊ ရင်ဘတ်၊ လက် စသည့်အပိုင်းများကိုပါ ကုသနိုင်သည်ဟု သိရသည်။ မည်သည့်အရေပြား အမျိုးအစားနှင့်မဆို အန္တရာယ်မရှိကြောင်း သုတေသနရလဒ်များစွာဖြင့် အတည်ပြုပြီးဖြစ်သည်။ ပြုလုပ်နေစဉ်အချိန်အတွင်း၌လည်း နာကျင်ခံခက်မှု တစ်စုံတစ်ရာ မရှိပါ။Apothe’Cure အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းနှင့် သူ၏ထုတ်ကုန် Apothe’Peel ကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်မိတော့ စိတ်ကျေနပ်စရာ ရလဒ်များဖြင့် ကမ္ဘာအနှံ့ အတော်လေး အောင်မြင်နေသည်ကို တွေ့ရသည်။ အဓိက တီထွင်ခဲ့သူ American Academy of Cosmetic Surgery မှ Dr. Kevin Light ကို Apothe’Peel နှင့် ပတ်သက်၍ လှည့်လည်ကုသရန်၊ ဟောပြောပွဲပြုလုပ်ရန် နိုင်ငံအနှံ့မှ ဖိတ်ကြားနေသည်ဟူ၏။

(၆)Facial Peel ကုထုံးဖြင့် ကုသမှု စနစ်တကျ ခံယူလျှင် တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းစက်၊ နေလောင်ကွက်များ၊ ၀က်ခြံများ၊ အမာရွတ်များ၊ ပါးရေတွန့်ခြင်းများကို ထိရောက်စွာပျောက်ကင်းစေပြီး နောက်ပိုင်း Sun Cream, Moisturizer စသည်တို့ဖြင့်  ဆက်လက်ထိန်းသိမ်းသွားရုံသာ ဖြစ်သည်။ ဤကဲ့သို့ပင် လွယ်ကူရိုးရှင်းသလို စိတ်ကျေနပ်စရာလည်း ကောင်းလှပါသည်။ အရေပြားကင်ဆာဖြစ်တော့မည့် ဆဲလ်အစုများကိုပင်  facial peel ကုထုံးနှင့် ကုသမှုခံယူလိုက်လျှင် ဖယ်ရှားပြီးသား ဖြစ်သွားသည်ဟု လေ့လာတွေ့ရှိထားရခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်သည်။

(၇) Facial Peeling နှင့်ပတ်သက်၍ အမေရိကန်ရုပ်ပြုပြင်ခွဲစိတ်မှုအသင်း (American Society of Plastic Surgery) မှ အရေးကြီးဆုံး လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ဓာတုပစ္စည်းများအသုံးပြု၍ Peel လုပ်သောအခါ မျက်နှာအရေ ပြားဆိုင်ရာ ကုသမှုများ၌ ကျွမ်းကျင်သော ဆရာဝန်ကသာ ကုသမှုပေးရမည်ဟု ဖြစ်သည်။ ပြိုင်ဘက်ကင်းရလဒ် ပေးနိုင်သော Facial Peel သည် အလှပြင်ဆိုင်မှာ ပေါင်းတင် ချေးချွတ်တာမျိုးနှင့် မတူပါ။ ၀ါရင့်သမားတော်တစ်ဦးဦး၏ ကြည့်ရှုကုသမှု၊ ဆက်လက်စောင့်ကြည့် ဖြည့်ဆည်းပေးမှုများနှင့် ပေါင်းစပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

(၈) စာရှုသူရင်ထဲ၌ မေးစရာများစွာ ရှိကောင်းရှိနေနိုင်ပါမည်။ ဘေးကင်းခြင်း၊ ထိရောက်ခြင်း၊လှပအပြစ်ကင်းလာခြင်းတွေကတော့ ဟုတ်ပါပြီ။ဈေးနှုန်းကရော ဘယ်လောက်ကျသင့်မှာလဲ။ ဘယ်နှစ်ကြိမ်ခံယူမှ စိတ်တိုင်းကျမှာလဲစသဖြင့် မေးစရာများရှိပါမည်။ လူနေမှုအဆင့်နှင့် တစ်ဦးချင်းဝင်ငွေ အလွန်မြင့်မားသော အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၃၅၀ ကျော်မရှိဘဲ စဉ်းစား၍မရသော Apothe’Peel နှင့် Peeling လုပ်ခြင်းကို မြန်မာနိုင်ငံတွင် ပုံမှန်ဝင်ငွေ ရှိသူတိုင်း လုပ်နိုင်မည့် အလွန်နည်းသည့်ပမာဏဖြင့်၊ မိမိမျက်နှာ၏ ချို့ယွင်းချက် အနည်းအများ ပေါ်မူတည်၍ တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပြီး နောက်ပိုင်း ဆက်လက်ထိန်းသိမ်းသွားနိုင်တဲ့အကြောင်းမြန်မာနိုင်ငံမှာ Facial Peeling၀န်ဆောင်မှုရရှိနေပြီဖြစ်တဲ့ Asia Care မှသိရှိရသည်။

(၉)Facial Peel လုပ်ပြီးနောက် မျက်နှာအရေပြား အနုအသစ်ဖြစ်ပေါ်လာလျှင် အဓိက ရှောင်ကြဉ်ရမည်မှာ နေရောင်ခြည်နှင့် မျက်နှာလိမ်း ခရင်မ်၊ မျက်နှာသစ်ဆေးပြင်းပြင်း စသည်တို့ ဖြစ်သည်။ ဆရာဝန်ညွှန်ကြားသော SPF လုံလောက်စွာပါရှိသည့် သင့်တော်သော ခရင်မ်များ၊ မျက်နှာသစ်ဆေးများ အသုံးပြုပြီး ဆက်လက်ထိန်းသိမ်းသွားလျှင် အပြစ်အနာအဆာကင်းစင်သော မျက်နှာအသစ်ကို ရနိုင်ပါသည်။ အရေးကြီးဆုံးတစ်ခု သတိပြုရန်မှာ မျက်နှာပေါ်တင်မည့် ပစ္စည်းအားလုံးကို လက်ဖျံပေါ်တွင် ပွတ်ကြည့်ပြီး ၁၅ မိနစ်ကြာအောင်ထား၍ ဓာတ် မတည့်ခြင်းမဖြစ်မှ ကုသမှုခံယူသင့်သည်ဟူသောအချက်ဖြစ်ပါသည်။

Written by ဒေါက်တာသီဟသစ်
(People Magazine)


 https://www.facebook.com/notes/myanmar-beautypedia/         မှကူးယူဖေါ်ပြပါသည်

No comments:

Post a Comment