- 17 September 2012 |
- By Good Health
နဖူးမှာပေါက်တဲ့
ဝက်ခြံ ဆိုတာ မျက်ခုံးနှစ်ခုကြားနဲ့ နှာခေါင်း ထိပ်ပိုင်း စုံတဲ့နေရာကို
မျက်နှာရဲ့ T-zone လို့ခေါ်ပါတယ်။ နဖူးမှာပေါက်တဲ့ ဝက်ခြံတွေက
အဲလိုနေရာမျိုးတွေမှာ အများဆုံး ပေါက်တတ်ကြပါတယ်။ အဆီပြန်တဲ့
အရေပြားပိုင်ရှင်နဲ့ ပေါင်းစပ်အရေပြား ပိုင်ရှင်တွေမှာ ပိုပြီး
ပေါက်တတ်ကြပါတယ်။ နဖူးပြင်ပေါ်က ဆံပင်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ
ဝက်ခြံတွေကို တွေ့ရတတ်ပြီး အရေပြားနီရဲကာ ရောင်ရမ်းနေတတ်ပါတယ်။
ဝက်ခြံပေါက်တဲ့ အချိန် ပုံမှန်အိမ်မှာ ပြုလုပ်နေကျ ကုထုံးတွေနဲ့ ကုသနေရင်း
ခြောက်ပတ်လောက် ကြာတာတောင် မသက်သာသေးဘူးဆိုရင် အရေပြား အထူးကုနဲ့
တိုင်ပင်သင့်ပြီး လိုအပ်ရင် ဆေးဝါးနဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။နဖူးမှာ ဝက်ခြံပေါက်တတ်သော တခြားအကြောင်းရင်း
အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ တချို့ကြောင့် နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ ဆီပါဝင်တဲ့ အလှကုန်ပစ္စည်း အသုံးပြုတဲ့သူတွေနဲ့ ဆံပင်လိမ်းဆေး တချို့ကြောင့် ပေါက်တတ်ပါတယ်။ တခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။
အလွန်အမင်း သန့်စင်ခြင်း
အရေပြားကို ကြေးချွတ်သန့်စင်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခဏ၊ ခဏ ပြုလုပ်တာတွေကြောင့်တော့ ဆန့်ကျင်ဘက် အာနိသင် ဖြစ်သွားတတ်ပါတယ်။ အရေပြားကို အလွန်အမင်း သန့်စင်လိုက်တာကြောင့် အဆီဂလင်းတွေထဲကို ဘက်တီးရီးယားတွေ ရောက်ရှိသွားပြီး ကြာရင် ဝက်ခြံဖြစ်စေတတ်တယ်လို့ Los Angeles မှ အရေပြား ပညာရှင်တွေက ဆိုပါတယ်။
ဆံပင်လိမ်းပစ္စည်းများ
ဆံပင်လိမ်းတဲ့ စပရေး၊ ဂျယ်လ်နဲ့ တခြားဆံပင်လိမ်းတဲ့ ပစ္စည်းတွေကြောင့် သင့်နဖူးနေရာနားမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဆံပင်လိမ်းတဲ့ ပစ္စည်းမှာ ပါဝင်တဲ့ ကမ်မီကယ်တွေ ဦးရေပြားပေါ် ထိတွေ့ရာကနေ ဝက်ခြံတွေ ပေါက်လာရတာမျိုး ဖြစ်ပါတယ်။
ဦးထုပ်နှင့် လုပ်ငန်းခွင်သုံး ဦးထုပ်
လုပ်ငန်းခွင်ထဲမှာ ဦးခေါင်းကို ကာကွယ်ဖို့အတွက် အမြဲတမ်းဝတ်ဆင်ရတဲ့ Helmets တွေနဲ့ ဦးထုပ်ကို အမြဲဝတ်ဆင်တတ်သူတွေမှာ နဖူးနဲ့ ဦးထုပ်ကြားကချွေးနဲ့ ပြင်ပက အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။
အိပ်စက်မှု အလေ့အထ
အိပ်စက်ချိန်မှာ သင်က ဘေးတစ်ဖက်တည်းကို စောင်းပြီး အိပ်တတ်သူဆိုရင် ခေါင်းအုံးနဲ့ သင့်နဖူးပြင်နဲ့က ထိတွေ့မှုဟာ အချိန်ကြာတတ်ပါတယ်။ သင့်ခေါင်းအုံးဟာ သန့်ရှင်းမှု မရှိရင်ဘဲဖြစ်စေ၊ ရောဂါပိုးဝင်ရင်ပဲ ဖြစ်စေ စောင်းအိပ်တဲ့ နဖူးပြင်နေရာနားမှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်တည်းစောင်းပြီး အိပ်တတ်သူတွေဟာ ပက်လက်ပြန်ပြောင်း အိပ်ကြည့်ပါ။ သန့်စင်တဲ့ ခေါင်းအုံးကို အသုံးပြုပါ။
မိတ်ကပ်လိမ်းထားပြီး အိပ်စက်ခြင်း
မိတ်ကပ်လိမ်းထားချိန်ဟာ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ ညအိပ်ရာဝင်တော့မယ် ဆိုရင်တော့ သင်လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာဝင်ခါနီး မိတ်ကပ်မဖျက်တာကြောင့် မျက်နှာမှာ ပြင်ပက ဖုန်မှုန့်တွေ၊ မိတ်ကပ်မှာပါဝင်တဲ့ ဆီတွေနဲ့ ချွေးတွေပေါင်းကာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး နဖူးပြင်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဖော်ပြပါ အလေ့အထတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ နဖူးမှာပေါက်တဲ့ ဝက်ခြံကို သက်သာသွားနိုင်ပါတယ်။
သဲသဲ

မူရင်းစာမျက်နာသို့
No comments:
Post a Comment