မမ စတိုး

Site ကို ဆိုင်ကြော်ငြာအဖြစ်လည်းကောင်းSupplier များဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း ၊ ၀ယ်ယူရောင်းချသူနှင့်ဝယ်ယူသုံးစွဲသူများထံ သတင်းအချက်အလက်များပေးပို့ရန်အတွက်လည်းကောင်း တင်ဆက်ပါသည်။

Sunday, June 2, 2013

ခေတ်စားလာသော မျက်နှာအလှပြုပြင်ခြင်း တစ်ခု (သို့) Facial Peeling


ပြည်ပမှာသာမက ပြည်တွင်း၌ပါ ခေတ်စားလာနေသောFacial Peeling လုပ်ခြင်းအကြောင်းကို ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားတင်ဆက်လိုက်ရပါသည်။ Facial Peel ဆိုသည်မှာ လူသားမျက်နှာအရေပြား၏ ဆဲလ်အသေများကို ဖယ်ရှားပေးမည့်ပစ္စည်းများ၊ ဆဲလ်အနုအသစ်ထွက်ခြင်းကို အထူးအားပေးသည့် ပစ္စည်းများပါဝင်သည့် ဆေးရည်ဖြင့် မျက်နှာကို ကုသမှုပေးခြင်းဖြစ်သည်။ ကုသမှုမှာ မိနစ်ပိုင်းသာကြာမြင့်ပြီး သုံးရက်မှငါးရက်အကြာ၌ ဆဲလ်အသေများ မျက်နှာအပေါ်ယံအလွှာမှ သူ့အလိုလိုကွာကျသွားပြီး တစ်ပတ်ကျော်တွင် ဆဲလ်အသစ်များ အားလုံးနီးပါး အစားထိုးနေရာယူပြီးသား နုနယ်ပျိုမျစ်ဝင်းပသော မျက်နှာဖြစ်လာစေမည့် ကုသမှုဖြစ် သည်။

(၁)တင်းတိပ်၊ အမည်းစက်၊ နေလောင်ကွက်၊ အမာရွတ်၊ ပါးရေတွန့်ခြင်း၊ ၀က်ခြံစသည့် ချို့ယွင်းချက်တစ်စုံတစ်ရာ မျက်နှာမှာရှိနေလျှင် မှန်မှာ မြင်ရတိုင်း၊ လူအများနှင့် ဆုံရတိုင်း စိတ်ဒုက္ခ အနည်းနှင့်အများ ခံစားရတတ်သည်။ ချို့ယွင်းချက်မကင်းခြင်းသည် လူ့သဘာဝတစ်ခုဟုဆိုပါလျှင် ချို့ယွင်းချက်ကင်းလိုခြင်းသည်လည်း လူ့သဘာဝများထဲက တစ်ခုသာ ဖြစ်ပါသည်။မျက်နှာသည် လူတစ်ဦးချင်းစီအတွက် အထင်ရှားဆုံး ၀ိသေသအမှတ်အသား (Identity)ဖြစ်ပါသည်။ လူတစ်ယောက်ကို သင်အမှတ်ရလျှင် မျက်နှာကိုသာ ၉၁% ခန့် အမှတ်ရတတ်သည်ဟု စိတ်ပညာရှင်များကဆိုသည်။ အခြားသူများက သင့်ကိုအာရုံမှာ အမှတ်ရလျှင်လည်း ထိုနည်းနှင့်ပင်။ ထို့ကြောင့် မျက်နှာပေါ်က ချို့ ယွင်းချက်တစ်ခုသည် နှလုံးအိမ်ထဲမှာ စိုက်ဝင် နေသော ဆူးတစ်ချောင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ (ဘယ်လောက်အနက်အထိ စိုက်ဝင်နေသလဲဆိုတာကတော့ တစ်ဦးချင်းစီ၏ ခံယူနှလုံးသွင်းမှုကိုလိုက်၍ ကွာခြားမည်ဖြစ်သော်လည်း ဆူးကတော့ ဆူးသာဖြစ်ပါသည်)နေရောင်ခြည်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ နေ့စဉ်စိတ်ဖိစီးမှုများ၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်အရွယ်ရလာခြင်းစသော အကြောင်းတရားမျိုးစုံတို့ကြောင့် မျက်နှာအသားအရေသည် အပြစ်အနာအဆာများ ရှိလာသည်။ ထိုချို့ယွင်း ချက်တို့ကို ပြုပြင်ရန်၊ ထိန်းသိမ်းရန် လူတိုင်း ကိုယ်သိမှတ်ရာ၊ လက်လှမ်းမီရာ နည်းလမ်းမျိုးစုံတို့ဖြင့် ကြိုးစားကြသည်။ သို့ရာတွင် ၀က်ခြံတွေ ပျောက်အောင် ကုနေဆဲမှာပင် အမည်းစက်တွေ များလာသည်။ တွန့်လာသော အရေပြားကို တင်းရင်းလှပစေဖို့ ပြုလုပ်ဆဲမှာပင် တင်းတိပ်တွေ ပိုကြီးလာ၏။ တစ်ခုကို ဖျောက်ဖျက်ကုစားဖို့ ကြိုးစားဆဲမှာပင် နောက်တစ်ခုက ပြဿနာ ပေးလာသလို ၎င်းကို ဆက်ကု၍သက်သာသလို ရှိချိန်မှာ သံသရာက အစကပြန်လည်တတ်သည်ကို အသားအရေ ဂရုစိုက်ကြသူတိုင်း ကြုံဖူးကြမည်။ ကြာလာတော့ ငွေကုန်၊ အားကုန်နှင့် စိတ်ပါကုန်လာတတ်သည်။ ချို့ယွင်းချက်မကင်းခြင်းသည် လူ့သဘာဝတစ်ခုဟု ဆိုပါလျှင် ချို့ယွင်းချက်ကင်းလိုခြင်း သည်လည်း လူ့သဘာဝများထဲက တစ်ခုသာ ဖြစ်ပါသည်။

(၂)ငယ်နုစဉ် ကလေးဘ၀က အသားအရေလို တင်းရင်းမှု၊ ၀င်းပတောက်ပြောင်မှု၊ အစွန်းအ ထင်းကင်းမှုတို့၌ ချို့ယွင်းချက်ကင်းသော အသားအရေမျိုး ပြန်ရချင်ပါသည်။ လူတို့သည် အရှက်တကွဲအချိန်မှာ မျက်နှာကို ဓားနှင့်လှီးပစ်ချင် သည်ဟု ပြောဆိုတတ်ကြပါသည်။ ကလေးဘ၀ကအသားအရေလို ချို့ယွင်းချက်တွေမကင်းတော့သော အချိန်မှာ (အကယ်၍သာ မနာမကျင်ဘူး ဆိုပါလျှင်) မျက်နှာကို အချပ်လိုက်လွှာ၍ အသစ်လဲပစ်ချင်သည်မှာ လူတိုင်းဖြစ်ပါမည်။စာရှုသူ သင်ရော.....။ချို့ယွင်းချက်တွေ ရှိနေသောမျက်နှာကို ငယ်နုစဉ်က ပကတိအသစ်အတိုင်း တစ်ဖန်ပြန် လည်မွေးဖွားနိုင်သော နည်းလမ်းရှိလျှင် ခံယူလို ပါသလား...၊၊၊

(၃) ကျွန်တော်တို့ နှလုံးသားထဲ စိုက်ဝင်နေ သည့်ဆူးများကို ဆွဲနှုတ်ပေးမည့်သူမှာ တခြားသူမဟုတ်ပါ။ လူ့သမိုင်းအစကတည်းက သာလွန် ကောင်းမွန်တိုးတက်မှု (Betterment) ဆီသို့ စဉ်ဆက်မပြတ် ခရီးနှင်နေခဲ့သော ဆေးပညာပင် ဖြစ်ပါသည်။ လူ့သက်တမ်းတွေ တိုးလာသောအခါ၊ လူနေမှုအဆင့်တွေ မြင့်မားပြောင်းလဲလာ သောအခါ အနာရောဂါကင်းရှင်းရေး၊ ကျန်းမာ ကြံ့ခိုင်ရေးမှာတင် ဆေးပညာကနားခိုနေ၍ မဖြစ်တော့။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ အားလုံးကို တတ်နိုင်သမျှပြင်ဆင်၍ လှပနှစ်လို ဖွယ်ကောင်းအောင် ပြုပြင်ကုသပေးနိုင်သော သုခုမဆေးပညာ (Aesthetic Medicine) ဟူ၍ ပေါ်ထွန်းလာရလေသည်။ချို့ယွင်းချက်တွေရှိနေသောမျက်နှာအရေပြားဟောင်းကို တဖြည်းဖြည်းဖယ်ရှား၍ ဆဲလ်အသစ်များဖြင့် တည်ဆောက်ထားသော နုနယ်ပြစ်ကင်းသည့် မျက်နှာဖြစ်အောင် မွေးဖွားသန့်စင် ပေးသော Facial Peeling ကုသမှုသည် သုခုမ ဆေးပညာ၏ အရေးပါသောကုထုံးများထဲက တစ်ခုဖြစ်ပါသည်။

(၄)Facial Peeling ခေါ် မျက်နှာအသစ်မွေးဖွားခြင်းကုထုံးကို ကမ္ဘာ့ပထမဆုံးအဖြစ် လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းက အီဂျစ်၊ ဂရိ၊ အီတလီ စသည့်လူမျိုးများက စတင်အသုံးပြု ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ရှေးရှေးဆေးကျမ်းထဲက အမှန်းအဆနှင့် လုပ်ကြခြင်းဖြစ်ပြီး ယခုလို ခေတ်မီတိကျသော တိုင်းတာတွက်ချက် စမ်းသပ်မှုများစွာကို အခြေမခံသဖြင့် ယနေ့ခေတ်နှင့် ယှဉ်လျှင်တော့ စိတ်ကျေနပ်စရာ ရလဒ်အပိုင်း၊ ဘေးကင်းမှုအပိုင်းမှာ မယှဉ်သာသော်လည်း တစ်ခေတ်တစ်ခါက အထက်ဆုံးအလွှာက လူတန်းစား (Elite)တွေသာ လုပ်နိုင်ခဲ့သည့် လှပမှု အသရေတစ်ပါး ဖြစ်ခဲ့ပါသည်။

(၅) အမေရိကန်အရေပြားရောဂါဗေဒတက္ကသိုလ် (American Academy of Dermatology) က Peels များကို သုံးမျိုးခွဲခြားဖွင့်ဆိုပါသည်။ (၁)အပေါ်ယံလွှာခြင်း (Superficial Peel)(၂)အပေါ်ယံအလွှာအောက်လွှာခြင်း (Medium Peel) နှင့်(၃)အရေပြားအလယ်လွှာအထိ လွှာခြင်း (Deep Peel) ဟူ၍ ဖြစ်ပါသည်။ တော်ရုံ အစက်အပြောက်၊ ကြမ်းတမ်းမှုမျိုး ဆိုလျှင် Superficial Peel လောက်နှင့်ပြီး၏။ အသက်အရွယ်ကြောင့် ပေါ်လာသော အမည်းစက်များ၊ အရေးကြောင်းများ၊ ပါးရေတွန့်ခြင်းများ၊ တင်းတိပ်၊ နေလောင်ကွက်၊ အမာရွတ် စသည်တို့ ပျောက်ချင်လျှင်တော့ အနည်းဆုံး Medium Peel လောက်လုပ်ရသည်။ အဆိုပါ ချို့ယွင်းချက်များ ကများလျှင်တော့ ဆရာဝန်ညွှန်ကြားချက်အရ Deep Peel လုပ်သင့်လျှင် လုပ်ရသည်။ ချောမွေ့ တောက်ပြောင်တင်းရင်းစေသောအာနိသင်ကို အကောင်းဆုံးပေးစွမ်း၏။ ဤနေရာတွင် ပထမဆုံး စဉ်းစားရမည်မှာ ဘေးကင်းမှုဖြစ်သည်။ ဘေးကင်းမှုကို မည်သည့် ရလဒ်နှင့်မျှလဲမယူနိုင်ပါ။ သုံးမည့်ထုတ်ကုန်များ၏ ဘေးကင်းမှုကို အဓိကထား ဆန်းစစ်ရ မည်ဖြစ်သည်။ Facial Peeling လုပ်သော ထုတ်ကုန်များတွင်တော့ Texas Institute of Functional Medicine နှင့် American Academy of Cosmetic Surgery တို့မှ ဆေးပညာရှင်များ ဖန်တီးထုတ်လုပ်လိုက်သော Apothe’Peel မှာ ကမ္ဘာတလွှား ရလဒ်အကောင်းဆုံးနှင့် ဘေးအကင်းဆုံးဟု ဆိုနိုင်သည်။ မျက်နှာသာမက လည်ပင်း၊ ရင်ဘတ်၊ လက် စသည့်အပိုင်းများကိုပါ ကုသနိုင်သည်ဟု သိရသည်။ မည်သည့်အရေပြား အမျိုးအစားနှင့်မဆို အန္တရာယ်မရှိကြောင်း သုတေသနရလဒ်များစွာဖြင့် အတည်ပြုပြီးဖြစ်သည်။ ပြုလုပ်နေစဉ်အချိန်အတွင်း၌လည်း နာကျင်ခံခက်မှု တစ်စုံတစ်ရာ မရှိပါ။Apothe’Cure အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းနှင့် သူ၏ထုတ်ကုန် Apothe’Peel ကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်မိတော့ စိတ်ကျေနပ်စရာ ရလဒ်များဖြင့် ကမ္ဘာအနှံ့ အတော်လေး အောင်မြင်နေသည်ကို တွေ့ရသည်။ အဓိက တီထွင်ခဲ့သူ American Academy of Cosmetic Surgery မှ Dr. Kevin Light ကို Apothe’Peel နှင့် ပတ်သက်၍ လှည့်လည်ကုသရန်၊ ဟောပြောပွဲပြုလုပ်ရန် နိုင်ငံအနှံ့မှ ဖိတ်ကြားနေသည်ဟူ၏။

(၆)Facial Peel ကုထုံးဖြင့် ကုသမှု စနစ်တကျ ခံယူလျှင် တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းစက်၊ နေလောင်ကွက်များ၊ ၀က်ခြံများ၊ အမာရွတ်များ၊ ပါးရေတွန့်ခြင်းများကို ထိရောက်စွာပျောက်ကင်းစေပြီး နောက်ပိုင်း Sun Cream, Moisturizer စသည်တို့ဖြင့်  ဆက်လက်ထိန်းသိမ်းသွားရုံသာ ဖြစ်သည်။ ဤကဲ့သို့ပင် လွယ်ကူရိုးရှင်းသလို စိတ်ကျေနပ်စရာလည်း ကောင်းလှပါသည်။ အရေပြားကင်ဆာဖြစ်တော့မည့် ဆဲလ်အစုများကိုပင်  facial peel ကုထုံးနှင့် ကုသမှုခံယူလိုက်လျှင် ဖယ်ရှားပြီးသား ဖြစ်သွားသည်ဟု လေ့လာတွေ့ရှိထားရခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်သည်။

(၇) Facial Peeling နှင့်ပတ်သက်၍ အမေရိကန်ရုပ်ပြုပြင်ခွဲစိတ်မှုအသင်း (American Society of Plastic Surgery) မှ အရေးကြီးဆုံး လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ဓာတုပစ္စည်းများအသုံးပြု၍ Peel လုပ်သောအခါ မျက်နှာအရေ ပြားဆိုင်ရာ ကုသမှုများ၌ ကျွမ်းကျင်သော ဆရာဝန်ကသာ ကုသမှုပေးရမည်ဟု ဖြစ်သည်။ ပြိုင်ဘက်ကင်းရလဒ် ပေးနိုင်သော Facial Peel သည် အလှပြင်ဆိုင်မှာ ပေါင်းတင် ချေးချွတ်တာမျိုးနှင့် မတူပါ။ ၀ါရင့်သမားတော်တစ်ဦးဦး၏ ကြည့်ရှုကုသမှု၊ ဆက်လက်စောင့်ကြည့် ဖြည့်ဆည်းပေးမှုများနှင့် ပေါင်းစပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

(၈) စာရှုသူရင်ထဲ၌ မေးစရာများစွာ ရှိကောင်းရှိနေနိုင်ပါမည်။ ဘေးကင်းခြင်း၊ ထိရောက်ခြင်း၊လှပအပြစ်ကင်းလာခြင်းတွေကတော့ ဟုတ်ပါပြီ။ဈေးနှုန်းကရော ဘယ်လောက်ကျသင့်မှာလဲ။ ဘယ်နှစ်ကြိမ်ခံယူမှ စိတ်တိုင်းကျမှာလဲစသဖြင့် မေးစရာများရှိပါမည်။ လူနေမှုအဆင့်နှင့် တစ်ဦးချင်းဝင်ငွေ အလွန်မြင့်မားသော အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၃၅၀ ကျော်မရှိဘဲ စဉ်းစား၍မရသော Apothe’Peel နှင့် Peeling လုပ်ခြင်းကို မြန်မာနိုင်ငံတွင် ပုံမှန်ဝင်ငွေ ရှိသူတိုင်း လုပ်နိုင်မည့် အလွန်နည်းသည့်ပမာဏဖြင့်၊ မိမိမျက်နှာ၏ ချို့ယွင်းချက် အနည်းအများ ပေါ်မူတည်၍ တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပြီး နောက်ပိုင်း ဆက်လက်ထိန်းသိမ်းသွားနိုင်တဲ့အကြောင်းမြန်မာနိုင်ငံမှာ Facial Peeling၀န်ဆောင်မှုရရှိနေပြီဖြစ်တဲ့ Asia Care မှသိရှိရသည်။

(၉)Facial Peel လုပ်ပြီးနောက် မျက်နှာအရေပြား အနုအသစ်ဖြစ်ပေါ်လာလျှင် အဓိက ရှောင်ကြဉ်ရမည်မှာ နေရောင်ခြည်နှင့် မျက်နှာလိမ်း ခရင်မ်၊ မျက်နှာသစ်ဆေးပြင်းပြင်း စသည်တို့ ဖြစ်သည်။ ဆရာဝန်ညွှန်ကြားသော SPF လုံလောက်စွာပါရှိသည့် သင့်တော်သော ခရင်မ်များ၊ မျက်နှာသစ်ဆေးများ အသုံးပြုပြီး ဆက်လက်ထိန်းသိမ်းသွားလျှင် အပြစ်အနာအဆာကင်းစင်သော မျက်နှာအသစ်ကို ရနိုင်ပါသည်။ အရေးကြီးဆုံးတစ်ခု သတိပြုရန်မှာ မျက်နှာပေါ်တင်မည့် ပစ္စည်းအားလုံးကို လက်ဖျံပေါ်တွင် ပွတ်ကြည့်ပြီး ၁၅ မိနစ်ကြာအောင်ထား၍ ဓာတ် မတည့်ခြင်းမဖြစ်မှ ကုသမှုခံယူသင့်သည်ဟူသောအချက်ဖြစ်ပါသည်။

Written by ဒေါက်တာသီဟသစ်
(People Magazine)


 https://www.facebook.com/notes/myanmar-beautypedia/         မှကူးယူဖေါ်ပြပါသည်

"အရေပြားပေါ်က ညှင်းအကြောင်း သိကောင်းစရာ"

ညှင်းပေါက်တယ်ဆိုတာက အရေးပြားပေါ်မှာ ဖန်းဂပ်စ်မှိုစွဲတဲ့အခြေအနေဖြစ်ပြီး ယားယံတာနဲ့ကိုယ်လက်မသက်မသာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ တကယ်တော့လူ့ခန္ဓာကိုယ်အရေပြားမှာ သဘာဝအရ ဖန်းဂပ်စ်မှိုနဲ့ ဘတ်တီးရီးယားပိုးတွေ ရှိနေတတ်ပါတယ်။ ပိုးတစ်ချို့က သိသိသာသာ ကြီးထွားပြန့်ပွားလာတဲ့အခါ အရေပြားမှာ ယားနာ၊ ၀ဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့ အရေးပြားပြဿနာတွေဖြစ်လာတတ်ပါတယ်။
ဖြစ်ရသောအကြောင်းအရင်း

Malassezia Furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် အရေးပြားမှာ ညှင်းပေါက်ရတာဖြစ်ပါတယ်။ လူ့အရေပြားမှာညှင်းဖြစ်စေတဲ့ မှိုပိုးအနည်းကသဘာဝအရ ရှိနေပါတယ်။ ညှင်းပေါက်ဖို့အခြေအနေပေါ်လာချိန်မှာ မှိုပိုးကြောင့် ညှင်းပေါက်ရတာပါ။ အထူးသဖြင့် အရေပြားမှာ အဆီအိတ်ဂလင်း(Sebaceous Gland)တွေ စတင်ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန်မှာ ညှင်းစပြီးပေါက်နိုင်ပါတယ်။ အကြောင်းကတော့ ညှင်းဖြစ်စေတဲ့မှိုပိုးဟာ အရေပြားကအဆီဓာတ်ကိုသဘောကျလို့ပါ။
ထင်ရှားသောအချက်

ညှင်းဟာပူပြင်းတဲ့ရာသီမှာပေါက်နှုန်းများပါတယ်။ အထူးသဖြင့် ချွေးထွက်များပြီး အရေပြားအစိုဓာတ်များသူတွေမှာ ညှင်းပေါက်တတ်ပါတယ်။ ညှင်းဟာ အများအားဖြင့် ရင်ဘတ်၊ ကျောပြင်၊ ချိုင်းတို့မှာပေါက်လေ့ရှိပြီး လည်ပင်း၊ မျက်နှာ၊ ပေါင်စတဲ့ နေရာတွေမှာလည်းပေါက်တတ်ပါတယ်။ ညှင်းက မကူးတတ်ပါဘူး။
ဖြစ်နိုင်ခြေများသူများ

ညှင်းပေါက်တာကမျိုးရိုးလိုက်တတ်ပါတယ်။ ဥပမာ-မိဘမှာညှင်းပေါက်တာမျိုးဖြစ်ခဲ့ဖူးရင်သားသမီးမှာလဲဖြစ်နိုင်ခြေရှိပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ်ခံအားကျဆင်းနေသူတွေ၊ စတီးရွိုတ်ဆေးကို ရေရှည်သောက်ရသူတွေနဲ့ HIV/AIDS ရောဂါရှိသူတွေမှာ ညှင်းပေါက်နိုင်ခြေများပါတယ်။ ကုသမှု Ketoconazole ပါတဲ့ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ညှင်းပေါက်တဲ့နေရာတွေမှာ လမ်းကာ၁၀မိနစ်ခန့်ထားပြီးရေဆေးချရင် သက်သာစေတယ်လို့အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။ဒီကုသမှုကို ညှင်းမပျောက်မချင်း နှစ်ပတ်ခန့် ဆက်တိုက်ပြုလုပ်ပေးနိုင်ပါတယ်။

ကာကွယ်မှု့

ညှင်းမပေါက်အောင် ကာကွယ်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့လိုပါတယ်။အထူးသဖြင့် အတွင်းခံအ၀တ်အစားတွေကို တစ်နေ့တစ်ကြိမ်ပဲ ၀တ်သင့်ပါတယ်။အ၀တ်အစားတွေကို သန့်သန့်ရှင်းရှင်းလျှော်ဖွပ်ကာ မီးပူတိုက်ပြီးမှဝတ်ဆင်ပါ။ အထူးသဖြင့် ချွေးထွက်များသူတွေ၊ ကိုယ်ခံအား ကျနေသူတွေ၊ စတီးရွိုတ်ဆေးသောက်နေသူတွေ အနေနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့အထူးအရေးကြီးပါတယ်။...

credit to original post owner


https://www.facebook.com/knowledgebankgroup   မှကူးယူဖေါ်ပြပါသည်

(pH.5၀န်းကျင်ခန့်)

(pH.5၀န်းကျင်ခန့်)
အမျိုးသမီးရဲ့အင်္ဂါ (Vagina) ဟာ ခန္ဓာကိုယ်တွင်းက မျိုးပွားအင်္ဂါ အစုအဖွဲ့ နဲ့ ခန္ဓာကိုယ်ပြင်ပကြားမှာ လမ်းကြောင်း Passageway တစ်ခုအဖြစ် တည်ရှိပါတယ်။ ပြင်ပက ပိုးမွှားတွေအတွက် ဝင်ပေါက်တံခါးတစ်ခု သဖွယ်လည်းဖြစ်တဲ့အတွက် သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်တဲ့ အနေနဲ့သော် လည်းကောင်း၊ ပုံမှန်အခြေအနေလေးတစ်ခု ဖန်တီးပေးထားတဲ့ အနေနဲ့သော်လည်းကောင်း Vaginal Discharge မိန်းမကိုယ်အရည်လေးတွေ ထုတ်ပေးပါတယ်။
ဒီစစ်ထုတ်ရည်လေးတွေ ထုတ်ပေးခြင်းဟာ ပုံမှန်အခြေအနေပါပဲ။ မအင်္ဂါရဲ့ pH ဟာ အက်စစ် pH (pH.5၀န်းကျင်ခန့်) မှာ ရှိနေအောင် သူ့ကိုယ်သူ အမြဲပြုပြင်ပေးနေပါတယ်။ ဒီလို အက်စစ် pH ဖြစ်အောင် လုပ်ပေးနေခြင်းဟာ ပြင်ပက ရောဂါပိုးမွှားတွေ က အက်စစ် pH ဆိုရင် မကြိုက်တဲ့အတွက် လာရောက်ပေါက်ပွားမှု မရှိအောင် ကာကွယ်ပေးထားတဲ့ သဘောပါပဲ။ အကြောင်းတစ်ခုခု ကြောင့် အဲဒီ pH အပြောင်းအလဲဖြစ်သွားရင် မအင်္ဂါထဲမှာ ရောဂါပိုးမွှား အချို့ပေါက်ပွားလာပြီး မူမမှန်တဲ့ အဖြူဆင်းခြင်းများ ဖြစ်လာ နိုင်ပါတယ်။
မအင်္ဂါရဲ့ အက်စစ် pH ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အကြောင်းတွေထဲမှာ ဓမ္မတာစက်ဝန်း၊ စိတ်ဖိစီးမှု၊ အာဟာရအခြေအနေများ၊ ကိုယ်ဝန်ရှိခြင်း၊ အချို့ဆေးဝါးများ စသည်တို့ ပါဝင်ပါတယ်။ အမျိုးသမီး အများစုဟာ အဖြူဆင်းတာ ရောဂါ ကြောင့်မဟုတ်ဘဲ လုံးဝပုံမှန်ဖြစ်ပါ တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ အဖြူဆင်းတာကလည်း မူမှန်ပါပဲ။
ပုံမှန်အားဖြင့် မိန်းမကိုယ်ထဲမှာ Candida Albicans ဆိုတဲ့ Yeast ပိုး အနည်းငယ်ရှိပါတယ်။ မိန်းမကိုယ်ထဲမှာ pH အပြောင်းအလဲ ဖြစ်ရင် Yeast တွေ အဆမတန်ပေါက်ပွား လာပါတယ်။Yeast ပေါက်ပွားခြင်း ဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။
လက္ခဏာများ
- အဖြူဆင်းတာများခြင်း
- အဖြူရောင်၊ ဒိန်ချဉ်ဖတ်ကဲ့သို့ ခပ်ပျစ်ပျစ်
- မိန်းမကိုယ်တွင် နီရဲ၊ ယားယံ၊ ပူစပ်ခြင်း။
တစ်ပတ်ကြာတဲ့အထိ ရောဂါ လက္ခဏာတွေ မပျောက်ကင်းဘဲ အဖြူဆင်းမြဲဆင်းနေရင် ဆရာဝန်နှင့် ပြသပါ။ အိမ်သာတက်တိုင်း၊ ဆီးသွားပြီးတိုင်း သန့်ချင်တဲ့စိတ်နဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲတွေနဲ့ ခဏခဏ ဆေးကြော ပေးခြင်းကြောင့် မိန်းမကိုယ်ထဲက အက်စစ် pH ပျက်ကာ ပိုးမွှားတွေ ပေါက်ပွားတတ်ပါသေးတယ်။ ဆပ်ပြာက အယ်ကာလီအပြင်းစားဖြစ်လို့ပါပဲ။ ဒါကြောင့် မအင်္ဂါကို ဆေးကြောတဲ့ အခါ ရေသန့်သန့်နဲ့ဆေးပြီး အဝတ်သန့်သန့်နဲ့ ခြောက်သွေ့အောင် ပြု လုပ်သင့်ပါတယ်။ ဒါမှမဟုတ် မအင်္ဂါ ဆေးဖို့ အထူးထုတ်လုပ်ထားတဲ့ အက်စစ် pH ရှိတဲ့ သန့်စင်ဆေးရည်များနဲ့ ဆေးကြောသင့်ပါတယ်။ � ခိုင်မွန်ကျော်
http://www.yoyarlay.com/health/health/therapies/16102-2011-11-12-05-50-56

လွယ်ကူတဲ့ မိတ်ကပ် ဖျက်နည်းတချို့

အိမ့်သံစဉ်~

အခုပြောမယ့် အကြောင်းအရာလေးကတော့ သဘာဝ ပစ္စည်းလေးတွေနဲ့ မိတ်ကပ်ဖျက်လို့ရမယ့် နည်းလေးတွေပါ။ မိန်းကလေး တော်တော်များက ယနေ့ခေတ်မှာ ခေတ်မီတဲ့ အသုံးအဆောင်တွေကို အသုံးပြုလာကြတဲ့အတွက် ကိုယ့် မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ညအိမ်ယာဝင်တဲ့ အခါတိုင်း ဖျက်ပေးတာဟာ ပိုပြီး ကျန်းမာ ရေးအတွက် ကောင်းပါတယ်။

ဒီနေရာမှာ ဓာတု ဆေးတွေပါတဲ့ ခေတ်မီ မိတ်ကပ်ဖျက်ဆေး မသုံးချင်သူတွေနဲ့ ကိုယ့်အသားအရည်နဲ့ မတည့်လို့ ဓာတုဆေးဝါးတွေပါတဲ့ မိတ်ကပ်ဖျက်ဆေးကို အသုံး မပြုချင်သူတွေအတွက် သဘာဝအတိုင်း မျက်နှာပေါ် က မိတ်ကပ်တွေကို ဖျက်လို့ရမယ့် ပစ္စည်းလေးတွေကတော့ သံလွင်ဆီ၊ နွားနို့ အစရှိတာတွေနဲ့ မျက်နှာပေါ် မှာ လိမ်းထားတဲ့ မိတ်ကပ်လေး တွေကိုဖျက်လို့ရမယ်နည်းတွေပါ။

သံလွင်ဆီက မိတ်ကပ်ဖျက်တဲ့နေရာမှာဆိုရင် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ပစ္စည်းလေး တခုပါဘဲ။ ဘာ ကြောင့်လဲဆိုတော့ မိတ်ကပ်ကိုအလွယ်တကူ ဖျက်နိုင်တဲ့ အပြင် ဘေးဥပါဒ်မဖြစ်နိုင်ဘဲ ခြောက်သွေ့ တဲ့အသား အရေ ပိုင်ရှင်တွေ အတွက် အထူးသင့်လျှော့်တဲ့ နည်းလမ်းကောင်းပါ။

နောက်တခုကတော့ အိုင်းလိုင်နာ၊mascara၊ အိုင်းရှယ်ဒိုးနဲ့ မိတ်ကပ် သုံးထားတာကို ဖျက်မယ်ဆိုရင်တော့ သက်ဆိုင်တဲ့နေရာမှာ နွားနို့ ကို ဂွမ်းစလေးနဲ့ သုတ်လိမ်းပြီး ဖျက်နိုင်ပါတယ်။

နောက်တခုကတော့ အလွယ်တကူ ၀ယ်လို့ ရတဲ့ baby oil ကလည်းဘဲ ထိုနည်းအတိုင်း ဖျက်လို့ ရပါသေးတယ်။ baby oil က waterproof mascara ကိုပါ ဖျက်ပေးနိုင်ပါတယ်။ နောက်ထပ် အသုံးပြု လို့ရတာလေးတွေကတော့ ရေစိုခံ တစ်ရှုးလေးတွေကလည်း မိတ်ကပ် ဖျက်လို့ရတဲ့ အဆင်ပြေနိုင်တဲ့ နည်းလေးဖြစ်ပါတယ်။

သံလွင်ဆီကို မျက်နှာပေါ်က လိမ်းထားတာတွေကို ဖျက်ရင် အသားအရေးကို စိုပြေစေပြီးအသား
ခြောက်တဲ့ သူတွေအတွက် အကောင်းဆုံးနည်းလမ်းလေးပါ။

နောက်တမျိုးကတော့ နုတ်ခမ်းမခြောက်အောင်ဆိုးတဲ့ Lipcare လေးကို လက်ချောင်းလေးနဲ့ တို့ယူ
ပြီးတော့ မျက်ခွံပေါ်မှာရှိတဲ့ အိုင်လိုင်နာနဲ့ mascara တို့ကို အလွယ်တကူ ဖျက်နိုင်ပါတယ်တဲ့။
မိန်းကလေးတိုင်း အလွယ်တကူလုပ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

http://blog.irrawaddy.org/2012/11/blog-post_7408.html

အကောင်းဆုံး မိတ်ကပ် ဖောင်ဒေးရှင်း ရွေးချယ်နည်း

ဖောင်ဒေးရှင်း မိတ်ကပ် ရွေးချယ် ဝယ်ယူတဲ့အခါမှာ သင်ဘယ်နှကြိမ်လောက်များ စေ့စေ့စပ်စပ် ရွေးချယ် ၀ယ်ယူခဲ့ဖူးပါသလဲ။ အများသူငါတွေ ညွှန်းလို့ကောင်းမယ်ထင်ပြီး ဝယ်ခဲ့တာလား ဒါမှမဟုတ် ဈေးသက်သာလို့လား။ တကယ်လို့ သင်နဲ့မလိုက်ဖက်တဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကိုရွေးပြီး လိမ်းမိပါက သင့်အသားအရေနဲ့ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဖောင်ဒေးရှင်းမိတ်ကပ် ရွေးချယ်ဝယ်ယူရာမှာ သင့်အသားအရေနဲ့ လိုက်ဖက်တင့်တယ်စေဖို့ လိုက်နာသင့်တဲ့ အချက်ငါးရပ်ကို ရေးသားလိုက်ရပါတယ်။

သင်နဲ့လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းမိတ်ကပ်အရောင်ကို ရရှိဖို့ တစ်ခုတည်းသောနည်းက မေးရိုးတစ်လျှောက် စမ်းသပ် လိမ်းကြည့်ဖို့ပဲ ဖြစ်ပါတယ်။ မေးရိုးတစ်လျှောက်မှာ ဖောင်ဒေးရှင်းမိတ်ကပ်ကို များများလိမ်းပြီး သင့်လည်ပင်း အရေပြားနဲ့ လိုက်ဖက်မှု ရှိ၊ မရှိ ကြည့်ရှု စစ်ဆေးသင့်ပါတယ်။

သင့်အသားအရေက နွေးထွေးတဲ့ အရောင်လား၊ အေးမြတဲ့ အရာင်လား ဆိုတာ သင်သိပါသလား။ အဲဒါကို သိနိုင်ဖို့ လွယ်ကူတဲ့ စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ဖောင်ဒေးရှင်းမိတ်ကပ်အရောင် နှစ်မျိုးနဲ့ စမ်းသပ်ပါ။ တစ်မျိုးက ပန်းရောင်၊ တစ်မျိုးက ရွှေဝါရောင်ပါ။ အဲဒီဖောင်ဒေးရှင်းမိတ်ကပ် နှစ်မျိုးကို သင့်မေးရိုးပေါ်မှာ အပြိုင်မျဉ်းပုံစံ ဆွဲလိမ်းကြည့်ပါ။ ဘယ်အရောင်က သီးသန့်ဖြစ်နေပြီး ဘယ်အရောင်က သင့်အရေပြားနဲ့ တစ်သားတည်းဖြစ်သွားသလဲ ဆိုတာလေ့လာကြည့်ပါ။ပန်းရောင်နဲ့ လိုက်ဖက်ရင် သင့်အသားအရေက နွေးထွေးတဲ့ အရောင်ပါ။

ဖောင်ဒေးရှင်းမိတ်ကပ်ရွေးချယ်ရာမှာ ပန်းရောင်ဘက်သန်းတဲ့ အရောင်ကို ရွေးပါ။ ရွှေဝါရောင်နဲ့လိုက်ရင် သင့်အသားအရေကအေးမြတဲ့ အရောင်ဖြစ်ပြီး အသားရောင်ဖောင်ဒေးရှင်းမိတ်ကပ်ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။
ဖောင်ဒေးရှင်း မိတ်ကပ်အရောင်က သင့်အတွက် သင့်တော်တယ်လို့ထင်ရင် သင့်မျက်နှာတစ်ပြင်လုံးကို ဖောင်ဒေးရှင်းမိတ်ကပ်တွေ လိမ်းစရာ မလိုပါဘူး။ လိုအပ်တဲ့ နေရာတွေကိုသာ ဖောင်ဒေးရှင်းမိတ်ကပ်အစက်ချပြီး မိတ်ကပ်ဘရပ်ရှ်နဲ့ ညီညာပြန့်ပြူးသွားအောင် လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် သင့်ပင်ကိုအသားအရေနဲ့ တစ်ညီတည်းဖြစ်သွားပြီး သဘာဝကျကျ လှပနေစေပါတယ်။

မျက်ဝန်းအောက်နေရာတစ်ဝိုက်နဲ့ အပြစ်အနာအဆာရှိတဲ့ အရေပြားနေရာမှာ ကွန်ဆဲလ်လာကို ဘရပ်ရှ်နဲ့ ညင်ညင်သာသာ လိမ်းပေးပါ။

တကယ်လို့ မျက်နှာအသားအရေကို တောက်တောက်ပပလေး ဖြစ်လိုရင် အစိုဓာတ်ထိန်းခရင်မ်နဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကို ရောပြီး လိမ်းပေးသင့်ပါတယ်။

http://hornbillmedia.blogspot.com/2012/05/blog-post_7857.html

နေ့စဉ်လိမ်း မိတ်ကပ် အမှား (၅) မျိုး

BY KABYAR – MARCH 23, 2013
POSTED IN: BEAUTY, FASHION, MAKEUP
ရွှေဗြူးတီး ချစ်ပရိတ်သတ်များ မင်္ဂလာပါရှင်။

မိတ်ကပ်လိမ်းခြင်းပညာဟာ မွေးရာပါ တတ်မြောက်လာ တတ်တဲ့ အတတ်ပညာ မဟုတ်သော်ငြားလည်း လေ့လာခြင်း သင်ယူခြင်း လေ့ကျင့်ခြင်းဖြင့် ပိုမို တိုးတက် ကောင်းမွန် လာစေနိုင်တဲ့ ပညာအဖြစ် ကဗျာ ယုံကြည်တာကြောင့် မိတ်ကပ်သင်စ ရွှေမြန်မာမလေးများ အများစု မှားလေ့ မှားထ ရှိတတ်ကြတဲ့ မိတ်ကပ်အမှား (၅) မျိုးကို ကို သတိပြု တိုးတက်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁) မိတ်ကပ်အရောင် မှားလိမ်းခြင်း

ကိုယ့်အသားအရောင်ထက်ပို နက်သော (သို့) ကိုယ့်အသားအရောင်ထက်ပိုဖြူသော Foundation ကိုလိမ်းခြင်းဟာ အကြီးမားဆုံးနဲ့ အလွဲဆုံးသော အမှားတစ်ခုဖြစ်ပါတယ်။ ဒီလိုမမှားရလေအောင် မိတ်ကပ်အရည် ၀ယ်ယူသောအခါမှာ မှန်ကန်စွာ စမ်းသပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ မိန်းကလေးအများစုဟာ မိတ်ကပ်အရည်ဝယ်ယူသောအခါမှာ မိမိ လက်ဖမိုး လက်ဖျံတွေ မှာ အလွယ်တကူစမ်းလိမ်း ရွေးခြယ်ခြင်း မလုပ်သင့်ပါဘူး။ မိမိ မျက်နှာ အသားအရေ နှင့် အနီးစပ်ဆုံး သဘာဝအကျဆုံး အရောင်ကို ရွေးခြယ်ဖို့ ပါးမေးရိုး နှင့် လည်ပင်း ပေါ်မှာ စမ်းလိမ်းခြင်းဖြင့် မှန်ကန်သော အရောင်ကို ရွေးခြယ်ဝယ်ယူနိုင်ပါတယ်။

၂) ခြောက်သွေ့သောအသား ပေါ်မိတ်ကပ်လိမ်းခြင်း



ခြောက်သွေ့ အသားပတ်နေသော (သို့) အဖတ်လိုက် အရေခွံကွာနေသော အသားရေပေါ်သို့ မိတ်ကပ်လိမ်းခြင်းဟာ အင်မတန် ကြည့်ရဆိုးသာ လွဲမှားမှုတစ်ခုဖြစ်ပါတယ်။ ဒါဆို ခြောက်သွေ့သော အသားအရေပေါ်ကို ဘယ်လိုမိတ်ကပ်လိမ်းကြမလဲ။ အရင်ဆုံး မိတ်ကပ်မလိမ်းခင် အသားအရေကို သေချာပြင်ဆင်ဖို့ လိုပါတယ်။ အသားပတ်နေသော အသားအရေအတွက် moiturizer ခံပြီး အဖတ်ဖတ် ထနေသော အရေခွံများ ကွာကျသည်အထိ စောင့်ခြင်း ၊ အသားမပတ်သော်လည်း အလွန်ခြောက်နေသော အသားအရေအတွက် moiturizer နှင့် primer အစိုခံပြီးမှသာ မိတ်ကပ်အရည်ကိုလိမ်းသင့်ပါတယ်။ ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် ဒီနည်းက တစ်ကြိမ်တစ်ခါအတွက် အလွယ်နည်းသာဖြစ်ပြီး တကယ် ရေရှည်မှာ ကိုယ့်ရဲ့ ပျက်စီးခြောက်သွေ့နေတဲ့အပေါ်ယံအသားလွှာ ကို ဆဲလ်အသစ်မြန်မြန် လဲစေဖို့ exfoliate တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် လုပ်ပေးခြင်းဖြင့် တင်းရင်းလှပသော အသားအရေ ကို တည်ဆောက်နိုင်ပါတယ်။


၃) Contouring အလုပ်များခြင်း

အလှဓာတ်ပုံတွေထဲမှာ ပါးရိုးထင်ပေါ်ပြီး မျက်နှာကြွလာအောင်၊ ပါးပိန်သွားအောင် အရိပ်ထည့်ရတဲ့ Contouring ကို နေ့စဉ်လိမ်းမိတ်ကပ်မှာ အလွန်အကြွံ လိမ်းခြယ်ခြင်းဟာလည်း ဆိုးရွားတဲ့ လွဲမှားမှုတစ်ခုပါပဲ။ ဓာတ်ပုံထဲမှာ လှပေမယ့် အပြင်မှာတော့ ပိုမလှတဲ့အပြင် ထူးဆန်းနေတတ်ပါတယ်။ နေ့စဉ်လိမ်းမိတ်ကပ်အတွက် Contouring လုပ်ခြင်းထက် ပါးနီဖျော့ဖျော့လေးသာ လိမ်းခြင်းဖြင့် သဘာဝ ကျကျ လှလှပပ နေ့စဉ်လိမ်းမိတ်ကပ် ကို လိမ်းခြယ်ဖို့ တိုက်တွန်းလိုပါတယ်။

၎) lip liner ထင်းထင်း ဆိုးခြင်း

နှုတ်ခမ်းနီအတွင်းသားအရောင် နှင့်ခွဲထွက်ပြီး lip liner ကို သိသိသာသာထင်ထင်ရှားရှားကွပ်လိမ်းခြင်း ဟာလည်း မိတ်ကပ်အလိမ်းမှားထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တကယ်တော့ lip liner ဟာ အတွင်းက နှုတ်ခမ်းသားအရောင် နဲ့ အရောင်ပြေး ဖြစ်အောင် လိမ်းခြယ် အသုံးပြုသင့်သော အရာ ဖြစ်ပါတယ်။

၅) မျက်ခုံးမွှေးအရောင် နှင့် ဆံပင်အရောင် သိသိသာသာ ကွာခြားခြင်း

ဆံပင်အရောင် ဆိုးခြင်း မကင်းသောခေတ်မှာ ကိုယ်ဆိုးထားတဲ့ ဆံပင်အရောင် နှင့် မတူသော မျက်ခုံးမွှေးအရောင်ကို ဆိုးခြင်းဟာလည်း အဆိုးရွားဆုံးမဟုတ်သော်ငြားလည်း မသင့်တော်သော မဖြစ်သင့်သော အမှားထဲမှာ ပါဝင်ပါတယ်။ အမည်းရောင်ဆံပင် ပိုင်ရှင်များ ဟာ ခဲရောင်ဖျော့ဖျော့ မျက်ခုံးမွှေးရောင်ကို ဆိုးသင့်ပြီး ၊ ရွှေအိုရောင် အညိုရောင် ဆံပင်ပိုင်ရှင်များ အညိုဖျော့ (သို့) အရင့်ကို ဆိုးသင့်ပါတယ်။

ကဲ ဒီမိတ်ကပ်လိမ်း အမှားလေးတွေကို ဂရုတစိုက် ပြုပြင်ရင်းနဲ့ နေ့စဉ်မိတ်ကပ်လိမ်းခြင်း တိုးတက်လာစေရန် ရည်ရွယ်ရင်း

ရွှေBeauty ကို ဖတ်ရှုအားပေးသော ပရိတ်သတ်များ မင်္ဂလာကျက်သရေ အပေါင်းနှင့် ခညောင်းပါစေလို့…

ကဗျာ။

http://shwebeauty.com/?p=4572

ရေမွှေးအ၀ယ်ထွက်ရအောင်

Scent Shopping

'လူတစ်ယောက်ရဲ့ ရေမွှေးနံ့က သူ့လက်ရေးထက် သူ့အကြောင်းကို ဖော်ပြနေတယ်' လို့ Christan Dior ကပြောဖူးပါတယ်။ ရေမွှေးတံဆိပ်ပေါင်း ထောင်ချီရှိနေတဲ့အထဲက ကိုယ့်အတွက် သင့်တော်တဲ့၊ လိုက်ဖက်တဲ့ ရေမွှေးရှာဖို့ဆိုတာလည်း အင်မတန်ကို ခက်ပါတယ်။ အဲဒီအတွက် ရနံ့ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ရေမွှေးရှာရာမှာ သိထားသင့်တဲ့ အဓိကအချက်များကို အခုလိုမျှဝေထားပါတယ်။

၁။ ချင့်ချိန်ပါ။

ရေမွှေးအနံ့တွေကို တစ်ချိန်တည်းမှာ အများကြီး စမ်းရင်အနံ့တွေရောကုန်ပြီး ခေါင်းတောင် ကိုက်သွားပါလိမ့်မယ်။ ကောင်းတာက တစ်ခါစမ်းရင် ရေမွှေးလေးမျိုးလောက်ပဲ စမ်းသင့်ပါတယ်။ ဒါကြောင့် မစမ်းခင်မှာ ကိုယ်ဘယ်လိုအနံ့မျိုး ကြိုက်တာလည်းဆိုတာကို အရောင်းကောင်တာက Fragrance Advisor ကိုအရင်ပြောပြပါ။ ပန်းနံ့လား၊ သစ်သီနံ့လား၊ ဒါမှမဟုတ် သစ်မွှေးအနံ့မျိုးလားပေါ့။ ဒါမှလည်း ကိုယ်ကြိုက်တဲ့ အနံ့နဲ့ ဆင်တူတဲ့ ရေမွှေးအမျိုးအစားတွေကို ရွေးပေးနိုင်မှာကိုး။

၂။ အနံ့ကို ကိုယ်စားပြုတဲ့ ရေမွှေးပုလင်း

ကိုယ့်ကို အကြံပေးနိုင်တဲ့ အရောင်းစာရေး မရှိတဲ့အခါမျိုးဆိုရင် ရေမွှေးပုလင်းအရောင်ကို ကြည့်ပြီးရွေးနိုင်ပါတယ်။ များသောအားဖြင့် ရေမွှေးများကို သစ်သီးနံ့ဆိုရင် ပုလင်းအရောင်တောက်တောက်၊ ပန်းနံ့သင်းသင်းဆိုရင် အရောင်ဖျော့ဖျော့ပုလင်းနဲ့ အနံ့ပြင်းတဲ့ ရေမွှေးဆိုရင်တော့ အနီရင့်ရောင် သို့မဟုတ် အညိုရောင်ပုလင်းများနဲ့ ထုတ်လုပ်ထားတတ်ကြပါတယ်။

၃။ အနံ့ကို အရင်စမ်းပါ။

ရေမွှေးကို အရေပြားပေါ်တင်ပြီး မစမ်းခင် ရေမွှေးစမ်းတဲ့ Strip အပြားပေါ်ဖျန်းပြီး အရင်ရှူကြည့်ပါ။ ကြိုက်ပြီဆိုမှ လက်ကောက်ဝတ် ပေါ်ဖျန်း ပြီးစမ်းပါ။ ရေမွှေးက ကိုယ့်ရဲ့ Body temperature နဲ့ Chemistry ပေါ်မှာ ဘယ်လိုတုံ့ပြန်မှုရှိတယ်ဆိုတာ ကြည့်ပါ။ ဖျန်းပြီး မရှူကြည့်ခင် ရေမွှေးမှာပါဝင်တဲ့ alcohol အငွေ့ပြန်သွားသည်အထိ စက္ကန့်အနည်းငယ်ခန့်စောင့်ပါ။ ပြီးမှ ရှူကြည့်ပါ။

အကြံပြုချင်တာကတော့ အနံ့တစ်မျိုးရှူပြီးလို့ နောက်တစ်မျိုးထပ်မစမ်းခင် ရေသောက်တာ သို့မဟုတ် ကော်ဖီစေ့အနံ့လေး ရှူပေးနိုင်ရင် ပိုကောင်းပါတယ်။

၎။ ဆင့်ကဲဖြစ်စဉ် သီအိုရီ

မိမိရဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် ရေမွှေးအနံ့ ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် သွေးခုန်နှုန်း စမ်းလို့ရတဲ့နေရာများဖြစ်တဲ့ ကုပ်ပိုး၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်လိုနေရာတွေမှာ အရင်ဖျန်းကြည့်ပါ။ ၁၅မိနစ် သို့မဟုတ် နာရီအနည်းငယ်လောက်ထားပြီး ပြောင်းလာတဲ့အနံ့ပေါ်မှာ လိုက်ပြီးမှ ကြိုက်မကြိုက် ဆုံးဖြတ်ပါ။

၅။ ရေမွှေးတစ်မျိုးတည်း မသုံးပါနဲ့။

ရေမွှေးအသစ်ဝယ်တဲ့အခါ ခပ်ဆင်ဆင်အနံ့တွေကိုပဲ မ၀ယ်ပါနဲ့။ မိမိသွားမယ့် Occasion နဲ့လိုက်မယ့် အနံ့နဲ့ မိမိစိတ်အခြေအနေပေါ်လိုက်ပြီး ပြောင်းသုံးဖို့ ရေမွှေးများ ရှိသင့်ပါတယ်။ နေ့ဘက်အတွက် သုံးဖို့၊ ညဘက် သုံးဖို့ ဒါမှမဟုတ် နေ့စဉ်သုံးနဲ့ Special Occasion အတွက်ဆိုပြီး ပြောင်းလဲဆွတ်ဖျန်းသင့်ပါတယ်။

နေ့စဉ်သုံးအတွက် သင့်တော်တဲ့ရေမွှေးများ

ပန်းရနံ့

ပန်းရနံ့သင်းတဲ့ ရေမွှေးများဟာ မိန်းမသားဆန်ပြီး ဘယ်တော့မှ ရိုးမသွားပါဘူးလို့ မိန်းကလေးများအတွက်ဆိုထားပါတယ်။ ယောက်ျား သားများအတွက်ကတော့ ကြိုက်တဲ့သူကတော့ဆွတ်ပေါ့လေ။ နှင်းဆီ၊ လီလီ၊ အိုင်းရစ်နဲ့ စံပယ်ရနံ့များဟာ နွေဦးနဲ့ ဆောင်းဦးရာသီကို ကိုယ်စားပြုတဲ့အနံ့များဖြစ်ပါတယ်။ ပန်းနံ့သင်းသင်းလေးတွေကတော့ နေ့ဘက်တွေမှာ သုံးသင့်ပြီး အရှေ့တိုင်းဆန်တဲ့ ပန်းနံ့အီအီ လေးတွေကတော့ ညနေခင်းဘက်တွေမှာ ဆွတ်ဖျန်းဖို့ သင့်တော်ပါတယ်။

လတ်ဆတ်သော သစ်သီးနံ့

Lemon ၊သံပုရာ၊ bergamot လို ခပ်ချဉ်ချဉ်နဲ့ အနံ့မျိုးနဲ့ ပရုတ်၊လက်ဖက်စိမ်း ရနံ့များဟာ ဆွတ်ဖျန်းထားသူကို လတ်ဆတ်လန်းဆန်း စေပါတယ်။ ဒီအနံ့များကို ပူပြင်းတဲ့ ရာသီဥတုတွေမှာ သုံးသင့်ပါတယ်။

Special Occasion ညနေခင်းများအတွက် ရေမွှေးများ

သစ်မွှေး

စန္ဒကူးနဲ့ သစ်ကတိုးနံ့တွေဟာ စိတ်ကိုငြိမ်းချမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ထို့ပြင် အစားအသောက်ရနံ့များဖြစ်တဲ့ ဗနီလာ၊ ချောကလက်နှင့် ချယ်ရီနံ့များဟာလည်း ဆွဲဆောင်မှုရှိပြီး ညနေခင်းပွဲလမ်းသဘင်များအတွက် သင့်တော်ပါတယ်။

Perfume ရေမွှေးအကြောင်းသိကောင်းစရာ

မိမိအတွက် သင့်တော်တဲ့ ရေမွှေး ဘယ်လို ရွေးသင့်တယ်ဆိုတာကို ကြည့်ရအောင်။

အနံ့အုပ်စုဝင်များ

သီအိုရီအရ ရေမွှေးများကို အနံ့နဲ့ အုပ်စုခွဲလို့ မရဘူးဆိုပေမဲ့လည်း ရေမွှေးရွေးတဲ့အခါမှာတော့ ပန်းနံ့၊ သစ်မွှေးနံ့၊ အရှေ့တိုင်း ဆန်တဲ့အနံ့တွေကိုကြိုက်သလား။ သို့မဟုတ် သစ်သီးနံ့၊ green နဲ့ aquatic လို modernဆန်တဲ့အနံ့မျိုးကို ကြိုက်သလားဆိုတာ ကိုတော့ မိမိဘာသာ အရင်ဆန်းစစ်ရပါလိမ့်မယ်။

Notes များကို သဘောပေါက်နားလည်ထားရပါမယ်။

အနံ့ရဲ့ အငွေ့ပြန်မှုဖြစ်စဉ်ကို အခုလို သတ်မှတ်ထားပါတယ်။

Top Notes - ရေမွှေး ဆွတ်ဆွတ်ခြင်းမှာရတဲ့ အနံ့ကို ခေါ်ပါတယ်။ အနံ့က ပေါ့ပါးပြီး လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားကာ Middle Notes အနံ့အတွက် ပြင်ဆင်ပါတယ်။

Middle Notes - အနံ့အုပ်စုဝင်ကို ကိုယ်စားပြုတဲ့ အဓိကအနံ့ ဖြစ်ပါတယ်။ ဒီအနံ့ကို ရေမွှေးဆွတ်ဆွတ်ခြင်းမှာ အနည်းငယ်ရကောင်း ရပါမယ်။ ဒီ အဓိကအနံ့ကို အပြည့်အ၀ရဖို့အတွက် ရေမွှေးကိုဆွတ်ပြီးတဲ့နောက် အရေပြားရဲ့ တုံ့ပြန်မှုရဖို့ဟာ မိနစ် ၃၀ခန့် ကြာပါ တယ်။

Base Notes - အကြာရှည်ဆုံးခံပြီး အနံ့တွေရဲ့ အငွေ့ပြန်မှုကို နှေးကွေးသွားအောင် ကူညီပေးပါတယ်။

အရည်အသွေး ဆန်းစစ်ပါ။

အပေါစားရေမွှေးများဟာ Synthetic ပါဝင်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်ထားတဲ့အတွက် အနံ့စူးရှပြီး ပြင်းတတ်ပါတယ်။ ၄င်းရေမွှေးများဟာ ကြာကြာမခံဘဲ အရေပြားနဲ့ ထိတွေ့ပြီးတဲ့အခါမှာလည်း အနံ့ပြောင်းသွားတတ်ပါတယ်။ အချို့ရေမွှေးတွေဆိုရင် artificial အရောင်များ သုံးထားတဲ့အတွက် ဆွတ်တဲ့အခါ အင်္ကျီမှာ အစွန်းကွက်ဖြစ်ပြီး ကျန်နေတတ်ပါသေးတယ်။

အမျိုးအစားကောင်းတဲ့ ရေမွှေးတွေကတော့ ဆွတ်ဖျန်းပြီး တစ်နေကုန် သင်းပျံ့မွှေးကြိုင်နေတာကိုတွေ့ရပါမယ်။ သံပရာနံ့၊ ပန်းရနံ့ကဲ့သို့ top notes အနံ့များဟာ ဆွတ်ပြီး ၁၀မိနစ်ခန့်အကြာမှာ အပြင်းဆုံးဖြစ်ပြီး၊ middle notes ဖြစ်တဲ့ ပန်းနံ့ပြင်းပြင်းက နာရီဝက်ကြာတဲ့အခါမှာ နောက်က လိုက်လာပါတယ်။ ကတိုးနံ့၊ စန္ဒကူးနံ့နှင့် ဗနီလာအနံ့များကတော့ ဆွတ်ပြီး ၂နာရီလောက်ကြာမှ သိသိသာသာကို ထွက်လာတာပါ။

ဒါတွေကတော့ ရေမွှေးရနံ့ရဲ့ သဘောတရားများပဲ ဖြစ်ပါတယ်။

ရေမွှေးပြင်းအား

ရေမွှေး Prefume ဟာ aromatic compound ၊ ရေနှင့် အယ်ကိုဟောများ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။

Eau de cologne မှာ aromatic compound (ရနံ့မွှေးသော ကွန်ပေါင်း) ၂ မှ ၅ရာခိုင်နှုန်း၊ Eau de toilette မှာဆိုလျှင် ၄ မှ ၈ရာခိုင် နှုန်းနှင့် Eau de perfume မှာတော့ ၈ မှ ၁၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ၄င်း Compound ပါဝင်မှုနှုန်း အနည်းအများပေါ် မူတည်ပြီး ရေမွှေး များရဲ့ ပြင်းအားရဲ့ ကြာရှည်ခံမှုတို့ကလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး။

Ref: Online
POSTED BY ALEX AUNG AT 4:31 PM

http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:2925372

http://shwemintharlay.blogspot.com/2010/11/blog-post_15.html